လသာမြို့နယ်၌ ယဉ်ကျေးလိမ္မာ တိုင်းအဆင့် စာမေးပွဲအောင်မြင်စွာ ကျင်းပ

လသာ  မတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာနှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာ တိုင်းအဆင့် စာမေးပွဲကို မတ် ၂၂ ရက်နေ့ နံနက် ၉နာရီက လသာမြို့နယ် အထက (၂) ကျောင်းတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းသံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့်တကွ ဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးသောင်းအေးနှင့် ဇနီး ဒေါက်တာ သင်းမျိုးမျိုးအောင်၊ ဥက္ကဋ္ဌကြီး ဦးတင်မိုးအောင် (ခ) ဦးနေရှိုင်း (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် အဖွဲ့ဝင်များ၊ လသာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ သာသနာနုဂ္ဂဟအသင်းမှ ဆရာ၊ ဆရာမများနှင့် ဧည့်သည်တော်များ ကြွရောက်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ စာမေးပွဲတွင် စာဖြေသူစုစုပေါင်း (၅၅၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ယဉ်ကျေးလိမ္မာပညာရပ်များ တိုးတက်ပြန့်ပွားစေရန်နှင့် လူငယ်များ၏ စိတ်ဓာတ်နှင့် သာသနာရေးဆိုင်ရာ အသိပညာများ တိုးမြှင့်နိုင်ရေးအတွက်ဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)