ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ဂန့်ဂေါ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၆၅)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြအဖြစ် ဦးမြတ်ကျော် (ပန်းချီဆရာ တွံတေး (မြတ်ကျော်ကျော်) မှ မျဉ်းဖြောင့်မျဉ်းကွေးများ ရေးဆွဲနည်း၊ စက်ဝိုင်းပုံရေးဆွဲနည်း၊ အခြေခံပန်းချီရေးဆွဲပုံများကို မတ်လ(၂၃)ရက်မှ ဧပြီလ(၈)ရက်နေ့ထိ နံနက်(၁၀) နာရီမှ (၁၂) နာရီအထိ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းနောက်ဆုံးရက်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေရေးအတွက် အင်္ဂလိပ် Grammar သင်တန်း၊ စကားပြောစွမ်းရည်မြင့်မားရေးသင်တန်း၊ စစ်တုရင်သင်တန်း၊ ကဗျာလွတ်အကသင်တန်းများကိုလည်း သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း