ရေးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမှု ဖွင့်ပွဲအခမ်းအနားကျင်းပ

ရေး မတ် ၂၄

၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျိူက်ဒေတမော့ဗရတ် ကျောင်းတိုက်၌ကျင်းပခဲ့ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုခဲ့သည်။

ဦးစွာအခမ်းအနားကို သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေးကာ နိုင်ငံတော်ဩဝါဒစရိယ လမိုင်းမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ သောဘဏက ဩဝါဒကထာ ချီးမြှင့်ပေးပြီး ရေးမြို့‌နယ်၊ မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်ပညာဇောတက စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကိုကျင်းပခဲ့ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုနေမှုကို ဆရာတော်ကြီးများက လှည့်လည်ကြည့်ရှုပေးပြီး ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင် ဦးဆောင်၍ မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေ စေရန်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ရေးမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေသံဃာ ၁၂၃၅ ပါးတို့က မတ် ၂၃ ရက် မှ ၃၁ ရက်နေ့ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး အလားတူ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ရှင်းသန့်ဖြူ