ပုဇွန်တောင် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကုမ္မဏီများ၊ ဈေးများနှင့် ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် ရုံးပတ်ဝန်းကျင်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ / မရှိ စစ်ဆေးခြင်းများ၊ မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဟန်စုယဉ် (ပြန်/ဆက်)