စစ်တွေ မတ် ၂၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းကစစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးရှေ့၌ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်တို့က စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက် အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ သမ္ဗာန်ချောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု၊ စစ်တွေမြို့လမ်းမကြီး (အကျဉ်းဦးစီး အဝင်လမ်းမှ ရေတပ်အဝိုင်းအထိ) ပလက်ဖောင်း ဆောင်ရွက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးက ဖြည့်စွက်ရှင်းလင်းတင်သည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး သမ္ဗာန်ချောင်း တူးဖော်ခြင်းဆောင်ရွက်နေမှုနှင့် ပလက်ဖောင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးစီးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင် ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းရပ်များနှောင့်နှေး ကြန့်ကြာမှုမရှိစေရေး တင်ပြလာသည့် လုပ်ငန်းလိုင်စင်ကိစ္စရပ်များကို စတင်လျှောက်ထားသည်မှ သတ်မှတ်ကာလအတွင်း အပြီးသတ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အမှုတွဲများကို ကြိုတင်ခွင့်ပြုပေးခြင်း၊ ခွင့်ပြုပေးထားသည့်အမှုတွဲများကို အနီးကပ်ဆုံးကျင်းပသည့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးတွင် အတည်ပြုမှတ်တမ်းတင်ခြင်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ အရေးကြီးသည့်စီးပွားရေး ကဏ္ဍတစ်ခု ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်အတွက် လည်း အလွန်အရေးပါသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လုပ်ငန်းဆောင်ရွက်ရာတွင် အကန့်အသတ်တချို့ရှိကြောင်း၊ လုပ်နိုင်သည့်အပိုင်းများကို ပုံမှန်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ပြန်လည်ပွင့်လင်းလာချိန်တွင် ကြိုတင်ကြံဆပြင်ဆင်ထားကြရမည်ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ရခိုင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက်လုပ်ငန်းလိုင်စင် လျှောက်ထားမှုဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍစနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)