ဘားအံ မတ် ၂၅
(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် အလျား ပေ ၁၁၀ ၊ အနံ ပေ ၉၀ ရှိ RCC နှစ်ထပ် ကျောင်းသား၊ကျောင်းသူများ အပန်းဖြေရိပ်သာ Recreation Centre (RC) ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေရှိ အဆိုပါ အဆောက်အဦတည်နေရာ၌ ကျင်းပသည်။
အဆိုပါ အဆောက်အဦဖွင့်ပွဲကို ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘားအံတက္ကသိုလ်တွင် ပညာဆည်းပူးကြမည့် ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်၊ ဆရာ၊ဆရာမ၊ဝန်ထမ်းများကလည်း စိတ်ချမ်းမြေ့စွာတာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၁၂၂၅ ဒသမ ၁၄၀ သန်းဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှတာဝန်ယူတည်ဆောက်ခဲ့ကာ ကျယ်ဝန်းသည့်သက်သာစားသောက်ဆိုင်ခန်းများ၊ အလှပြင်ဆိုင်၊ အင်္ကျီချုပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ မိတ္တူဆိုင်နှင့် Convenient Store များပါဝင်သည့်အပြင် အနုပညာအသင်းခန်း၊ ကျောင်းသား၊ကျောင်းသူများအတွက် ဝန်ဆောင်မှုပေးမည့် Student Service Center အခန်း၊ ဧည့်ခန်းမ၊ ကျယ်ဝန်းသည့်အပန်းဖြေနေရာများပြည့်စုံစွာပါဝင်ရာ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဝါသနာပါရာဘာသာရပ်များကို ပျော်ရွှင်စွာလေ့လာဆည်းပူးသင်ကြားနိုင်တော့မည်ဖြစ်သည်။
အဆိုပါအဆောက်အဦဖွင့်ပွဲတွင် တာဝန်ယူတည်ဆောက်သည့် မာန်မြင့်ဟိန်းကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာစာရွက်စာတမ်းများကို ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသောဧည့်သည်တော်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက အဆိုပါ Recreation Centre (RC)ရှိ Convenient Store ၊ Student Service Center နှင့် ဆိုင်ခန်းများကို လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)