မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း ဆောင်ရွက်

မကွေး မတ် ၂၅     

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်‌တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်၊ မကွေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြား‌ရေးမှူး ဦး‌စောနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၀၀)ကျော် တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှညွန်ကြားရေးမှူး ဦးမျိုးလှိုင်မှ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား အသိပညာပေး ရှင်းလင်းခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား Power Point Presentation ဖြင့် ရှင်းလင်းပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦး‌ဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရှေ့ဦးမီးငြှိမ်းသတ်ရေးပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေး သရုပ်ပြသခြင်း၊ “191” Application အသုံးပြုပုံ၊ Gas Fire မီးလောင်နေမှုအားငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ဆီမီးလောင်ငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)