ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆိပ်ကြီးခနောင်တို မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က “ မိမိတို့မြို့နယ်အတွင်း သင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားအောင် ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ရန်၊ သင်္ကြန်ပွဲတော်ကာလ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရန်၊ မြို့နယ်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်ဆောက်လုပ်၍ ယိမ်းအကများဖြင့် ဖျော်ဖြေသွားရန်၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရန် ” စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဇော်မင်းဦးက သင်္ကြန်ပွဲတော်ကာလအတွင်း မြို့နယ်လုံခြုံရေးနှင့် သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများအနေဖြင့် ရုံးပိတ်ရက်ကာလရှည်ဖြစ်သဖြင့် မိမိရုံးဌာနများအား မီးဘေးနှင့် လုံခြုံရေးအထူးဂရုပြုအလေးထားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်‌လာသည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဆပ်ကော်မတီဝင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် ရေကစားမဏ္ဍပ်တည်ဆောက်ရေး၊ ယိမ်းအကအဖွဲ့များက ပြဖျော်ဖြေရေးနှင့် ဆုများချီးမြှင့်ရေး၊ စတုဒီသာမုန့်များ ကျွေးမွေးလှူဒါန်းရေး၊ လုံခြုံရေးဆောင်ရွက်ရေးစသည်တို့အား မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြို့နယ်တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိူင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)