ပေါင်းတည်မြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ပေါင်းတည် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို အ.ထ.က (ပေါင်းတည်) တွင် မတ်လ ၂၄ ရက် မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပေါင်းတည်မြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် တာဝန်ခံဆရာ ဆရာမ စုစုပေါင်း ၁၇၀ ဦး တက်ရောက်ဆွေးနွေးလျက်ရှိသည်။

ထိုသို့ ဆွေးနွေးကြရာတွင် ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးနိုင်ရေးအတွက် ရည်ရွယ်၍ စုဖွဲ့ဆွေးနွေးတင်ပြဟောပြောပို့ချလျက်ရှိကြသည်။

ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်လင်းနှင့် လက်ထောက်ပညာရေးမှူး ဦးတင်မောင်ဆွေတို့က အနီးကပ်ကြီးကြပ်၍ ဦးဆောင်ဆွေးနွေးသူ ဆရာကြီး၊ ဆရာမကြီးများက ၃ ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ရွှေသား (ပြန်/ဆက်)