ရန်ကုန် မတ် ၂၅
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် ရန်ကုန်မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့က ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံမှ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲထွက်ခွာမည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖျန်းပေးသည်။ ဆက်လက်၍ ရထားပေါ်ရှိ ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုက်ပါသွားသည့် ခရီးသည်များအား လက်ပြနှုတ်ဆက်ကြသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မြန်မာ့မီးရထားတွင် လက်ရှိမြင်းကောင်ရေ (၁၃၀၀)အား ဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီ လျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး အလားတူယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း(၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။ ထုတ်လုပ်ပြီးဖြစ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ်အထူးအမြန်ရထားဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှစတင်၍လည်းကောင်း၊ ပြင်ဦးလွင်ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ပြီး ယနေ့မှစတင်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့်ဘရိတ်တွဲ(၁)တွဲချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ ပတ်ခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် ဘက်ထရီယပ်စစ်စက်ခေါင်းဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်အတွက် ဘဏ္ဍာငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်သဖြင့် တစ်လအတွက် ကျပ်ငွေ ၁၈ သန်းကျော် ကုန်ကျစရိတ်သက်သာနိုင်မည်ဖြစ်သည့်အပြင် တစ်ရက်လျှင် ဒီဇယ်ဆီ ၆၆ ဂါလံနှုန်းဖြင့် တစ်လအတွက် ဒီဇယ်ဆီ ဂါလံ ၁၉၈၀ လျှော့ချသုံးစွဲနိုင်မည်ဖြစ်သည်။
ဘက်ထရီစွမ်းအင်သုံးလျှပ်စစ်စက်ခေါင်းနှင့် ရထားတွဲဆိုင်းများပြေးဆွဲပေးနိုင်ခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုလုံးဝမဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေခြင်း၊ အသံဆူညံမှုကို လျော့နည်းစေခြင်း၊ ဒီဇယ်ဆီအသုံးပြုစက်ခေါင်းနေရာတွင် ဘက်ထရီစွမ်းအင်သုံးလျှပ်စစ်စက်ခေါင်းများဖြင့် အစားထိုးသုံးစွဲနိုင်မှုကြောင့် စက်သုံးဆီများကို ပြည်ပမှ မှာယူတင်သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ဘက်ထရီစက်ခေါင်းများ၊ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU)များနှင့် အရံဘက်ထရီတွဲများ ပြောင်းလဲတည်ဆောက်ပြီး လက်ရှိဒီဇယ်စက်ခေါင်းများနှင့် RBE တွဲဆိုင်းများနေရာတွင် အစားထိုးပြေးဆွဲပေးခြင်းဖြင့် ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်ပြီး လောင်စာဆီအခက်အခဲအား တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတစ်ဝှမ်းရှိ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်၍ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း (Public Transportation) အတွက် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)