ငဖဲ မတ် ၂၆
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို မတ် ၂၄ ရက်နေ့နံနက် ၉နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဆက်လက်ဆောင်ရွက်သည်။
အဆိုပါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲတွင် အထက်တန်းကျောင်းအုပ်နည်းပြ ဆရာကြီး/ဆရာမကြီး ၃ ဦးနှင့် သင်တန်းသားဆရာကြီး၊ ဆရာမကြီး ၅၄ ဦးတို့က စိတ်ကျန်းမာရေးအခြေခံဗဟုသုတများ၊ စိတ်ဖိစီးမှုလျှော့ချနည်းများ၊ လူမှုဆက်ဆံရေးအရည်အချင်းများနှင့် ကိုယ်ချင်းစာတရားခေါင်းစဉ်များဖြင့် အကျယ်တဝင့် ဆွေးနွေးလျက်ရှိသည်။
အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ဖိစီးမှုခံစားရသည့်ကလေးများကို ကျောင်းများတွင်အချိန်မီထိရောက်စွာပံ့ပိုးကူညီပေးပါက ပြင်းထန်စွာခံစားရသည့် စိတ်အခြေအနေများကိုကျော်လွှားနိုင်ပြီး ပညာသင်ယူရာတွင်ပိုမိုအာရုံစိုက်နိုင်၍ ကျန်းမာပျော်ရွှင်သည့် ကျောင်းသား/ကျောင်းသူများ အဖြစ်အောင်မြင်စွာ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)