တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ကော်မတီများ ဖွဲ့စည်းအတည်ပြု

ဘားအံ မတ် ၂၇

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ(၂၃)ဦးအနက် (၂)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးနှင့်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီများဖွဲ့စည်းနိုင်ရေးအတွက်ကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ယင်းကော်မတီများ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြခဲ့ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးနှင့်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီများ၏အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)