တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

စစ်တွေ မတ် ၂၇

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက  ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေငြာသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကမှ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသည့်ဝမ်းမြှောက်ကြောင်းသဝဏ်လွှာကို လွှတ်တော်မှမှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းရန်လျာထားသည့် ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ အမည်စာရင်းတင်သွင်းလာခြင်းမရှိသဖြင့် ဖွဲ့စည်းမည့် ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးလေ့လာရေးကော်မတီနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့်စပ်လျဉ်း၍ အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နားကြောင်းနှင့် (စတုတ္ထနေ့)အစည်းအဝေးကျင်းပမည့် နေ့ရက်ကို လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မှီအကြောင်းကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်ဝင်းအောင်၊ တင်ထွန်း(ပြန်/ဆက်)