အလုံ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က အခြေခံအင်္ဂလိပ်စာသင်တန်း၊ အခြေခံတရုတ်စာသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ အေရိုးဗစ်/ Fitness Dance သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့သိုင်းနှင့် ကရာတေးသင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားသင်တန်းနည်းပြများအား ဂါရ၀ပြုလက်ဆာင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ မောင်ကောင်းထက်မြတ်က သင်္ကြန်မိုးသီချင်းဖြင့် တီးခတ်ဖျော်ဖြေခဲ့ပြီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား အအေးနှင့်မုန့်များ ကျွေးမွေးခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်ဦးအောင်စိုး၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)