ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပ

ပခုက္ကူ မတ် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာသမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစား၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းတို့ကို PowerPoint ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းထူးချွန်ဆုကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းဝင်းက သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ (၂၆)ရက်နေ့အထိ သင်တန်းကာလ ခြောက်လကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးရာ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)