ကော့မှူး မတ် ၂၇
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့် ဂျပန်စကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သင်ကြားတတ်မြောက်ခဲ့သည်များကို အကျိုးဖြစ်ထွန်းစေရန်၊ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်လာစေရန် ဆက်လက်လေ့ကျင့်ကြပါရန် ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်၊ လူရွယ်များ ကျောင်းပိတ်ရက်ကာလတွင် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အင်္ဂလိပ်စာဆရာမ ဒေါ်မိုးကေသီ၊ ပန်းချီပညာရှင် ဦးနေနွယ်အောင်၊ ဂျပန်စကားပြောသင်တန်းဆရာ ဦးစည်သူကျော်တို့က ဆုများရွေးချယ်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က သင်တန်း ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့် ဂျပန်စကားပြောသင်တန်းများတွင် ပထမဆု၊ ဒုတိယဆု တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် သင်တန်းသူများက တက်ရောက်လာသူများအား ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)