ပဲခူး မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လွတ်လပ်ရေးကြိုးပမ်းမှု့သမိုင်း စာပေစကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာ၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လွတ်လပ်ရေးကြိုးပမ်းမှု့သမိုင်း စာပေစကားဝိုင်းတွင် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းက လူငယ်တစ်ဦးချင်းစီတွင် ရှိသင့်သည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးက မြန်မာ့ပညာရေးနှင့် လူ့အဖွဲ့အစည်းတွင် အလွန်အရေးကြီးကြောင်း၊ နည်းပညာခေတ်ဖြစ်နေသည့်အတွက် လူတစ်ဦးချင်းစီတိုင်း နည်းပညာတက်ကျွမ်းဖို့ လိုအပ်သလို အသိပညာဗဟုသုတ ပြည့်စုံကြွယ်၀ဖို့အတွက် စာပေလေ့လာဖတ်ရှု့ဖို့ လိုအပ်ပါကြောင်း ပြောကြားပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် ဒေါ်ခင်ဝတ်ရည် (၀တ်ရည်ခင်-ပဲခူး)က လွတ်လပ်ရေးရရှိခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ စာရေးဆရာဦးထိန်လင်း (လင်းအာရုဏ်ဦး)က မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းခဲ့ရပုံ အဆင့်ဆင့်ကိုလည်းကောင်း စာရေးဆရာ နောင်ထွန်းက တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ဗမာ့မျိုးချစ်တပ်မတော် (BNA) နှင့် မျိုးချစ်ဗမာ့တပ်မတော် (PBF) စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာပေစကားဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက သိရှိလိုသောအကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)