တွံတေး မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့စာဖြေဌာနတွင် တွံတေးခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ၏ ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ် စာဖြေသံဃာတော်များ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ မွန်းတည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ရွှေဆံတော်ရပ်ကွက် စင်္ကြန်ကျောင်းတိုက်နှစ်ထပ်အဆောင်သစ်နှင့် ပဏ္ဍိတရာမသုံးထပ်ကျောင်းဆောင်သစ်တို့တွင် ကျင်းပလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံမူလဘူတဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်ရှင်းတည်တံ့ ပြန်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို၊ လလို ထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
တွံတေးခရိုင်အတွင်း အစိုးရဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ စုစုပေါင်း (၃၄၃) ပါးတွင် ယနေ့ ဓမ္မသင်္ဂဏီပါဠိအဌကထာ (၁) ၌ ဝင်ရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၀၅) ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုရာခိုင်နှုန်းအားဖြင့်၈၈.၉၂%ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါအစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရာသို့ တွံတေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်ဖိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
မျိုးလှိုင်