ရန်ကုန် မတ် ၂၈
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၇)၏ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြကွင်းတွင် မတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသား စံပြဆုကို သင်တန်းသားအမှတ်-၂၉၅ ဦးအောင်ဘုန်းမြင့်၊ အငယ်တန်းစာရေး၊ အင်းစိန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနအားလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၇၅ ဒေါ်ထက်ထက်သိန်းဇော်ဝင်း၊ အငယ်တန်းအင်ဂျင်နီယာ-၃၊ သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အားလည်းကောင်း၊ စာပေထူးချွန်ဆုကို သင်တန်းသူအမှတ်-၂၀၈ဒေါ်ရည်မွန်ကျော်၊ အငယ်တန်းအင်ဂျင်နီယာ-၃၊ လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆုကို သင်တန်းသူအမှတ်-၃၇၆ ဦးဝေလင်းဖြိုး၊ အငယ်တန်းစာရေး၊ မြန်မာ့သစ်လုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအားလည်းကောင်း၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးခဲ့ပြီးနောက် သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေနဲ့ သင်တန်းသား၊ သင်တန်းသူများကို အဂတိတရားကင်းစင်၍ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်တဲ့ ဝန်ထမ်းကောင်းများဖြစ်စေရန်နှင့် နိုင်ငံတော်က မျှော်မှန်းထားတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်လေ့ကျင့်ပေးလျက်ရှိပြီး ပြည်သူတို့ရဲ့ လိုအပ်ချက်ကို အပြည့်အဝဝန်ဆောင်မှုပေးနိုင်တဲ့ အရင်းခံ စိတ်ဓာတ်ရှိသူများ ဖြစ်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ မိမိနိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို အစဉ်တစိုက် တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး မည်သည့်အခြေအနေ မျိုးတွင်မဆို မိမိတို့၏ မူလလုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပိုမိုခိုင်မာ အားကောင်းတဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ရှင်သန်ကိန်းအောင်းနေစေရေး ဗဟုသုတ၊ အတွေးအခေါ်၊ ဉာဏ်အမြော်အမြင်များ မှန်ကန်မြင့်မား စေရေး၊ အမှန်နှင့်အမှား ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံတဲ့ ထူးချွန်ထက်မြက်သူများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး အထက်က ပေးအပ်လာတဲ့ မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်စွာ သယ်ပိုးထမ်းရွက်နိုင်မယ့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန်၊ မိမိကိုယ်တိုင်ရွေးချယ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းဘဝကို ခုံမင်မြတ်နိုး တန်ဖိုးထားဂုဏ်ယူ တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းများဟာပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ဆောင်ရွက်တတ်ရန်၊ မိမိတို့တာဝန်ယူဆောင်ရွက်နေရတဲ့ လုပ်ငန်းတာဝန်များကို မှန်ကန်မြန်ဆန်စွာ ထမ်းဆောင်ကြခြင်းဖြင့် တာဝန်ကျေပွန်သူ များဖြစ်အောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ထမ်းကောင်းပီသစွာဖြင့် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား (၁၄၆) ဦး၊ သင်တန်းသူ (၂၄၃) ဦး၊ စုစုပေါင်း (၃၈၉) ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၂-၂-၂၀၂၆ ရက်နေ့မှ ၂၆-၃-၂၀၂ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)