ရန်ကင်း မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်သား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းပညာရပ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ အခြေခံပန်းချီ/ကာတွန်းရုပ်ပုံရေးဆွဲနည်းသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့ နေ့လယ် ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကင်းမြို့နယ်စာရေးဆရာအသင်းမှစာရေးဆရာမ မအေးပွင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်လှလှထွေးက ကာတွန်းရေးဆွဲနည်းအခြေခံ၊ ပန်းချီရေးဆွဲသည့် အခြေခံဖြစ်သော မျဥ်းကွေး၊ မျဥ်းဖြောင့်၊ စက်ဝိုင်း၊ တြိဂံပုံများ၊ လူရုပ်အခြေခံ၊ တိရစ္ဆာန်အခြေခံ ရေးဆွဲနည်းများ၊ အခြေခံ တည်ဆောက်ရေးဆွဲနည်းအကြောင်းအရာများ၊ အဆင့်မြင့်ပန်းချီရေးဆွဲရာတွင် ကာလာအနိမ့် အမြင့်၊ တုံးအနိမ့်အမြင့်၊ ကာလာအလင်းအမှောင်နှင့် ဆေးရောင်စပ်နည်း၊ ဆေးခြယ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ၏ တစ်ဦးချင်းရဲ့ တီထွင်ဆန်းသစ်မှုကိုလည်းစိစစ်၍ ဆုများရွေးချယ်ပေးထားကြောင်း ကြိုးစားရေး ဆွဲပေးကြလိုဝမ်းသာမိပါကြောင်း၊ ဆက်လက်ကြိုးစားကြရန်တိုက်တွန်းပြောကြား ခဲ့သည်။
အဆိုပါ အခြေခံ ပန်းချီ၊ ကာတွန်း ရုပ်ပုံရေးဆွဲနည်း သင်တန်းဆန်းစစ်ချက်ပြိုင်ပွဲများ ပြုလုပ်ပေးပြီးပြိုင်ပွဲတွင် သင်တန်းထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးကဆုများ ချီးမြှင့်ပေးအပ်ကာ သင်တန်းတက်ရောက်လာသူများအားလုံးကို မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ရေဘူးများအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)