မုံရွာ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၆ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို မတ်လ ၂၈ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်မျာနှင့် ဇနီးများက ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စားသုံးဆီနှင့် လှူဖွယ်ဝတ္ထုငွေများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊နန္ဒဝန်ရပ်ကွက်၊ ဝန်ထမ်း အိမ်ရာအနီး မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများမှ စုစုပေါင်းအင်အား ၅၀၀ ဦးကျော် ဖြင့်စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၇၀၀ ဦးကျော်ဖြင့် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)