မုံရွာ မတ် ၂၈
မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် AML/CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူ များဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force_FATF)က ကျွန်တော်တို့ နိုင်ငံကို (Black List) အဆင့်သတ်မှတ်ခြင်းမှ ကင်းလွတ်ဖို့ အတွက်ကြီးကြပ်ရေးအာဏာပိုင်တာဝန်ယူရတဲ့ ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများက ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီနေ့အထိ ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း(၂၄)ခုနှင့် အဖိုးတန်သတ္တု(ရွှေ)လုပ်ငန်း (၉၀)ခုတို့အား မှတ်ပုံတင်လက်မှတ်များထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ငွေကြေးခဝါချမှုဆိုတာ ပြစ်မှုကျူးလွန်သူတို့ရရှိတဲ့ ငွေကြေး၊ ပစ္စည်းများ တစ်နည်းအားဖြင့် ငွေမဲများကို ငွေဖြူဖြစ်အောင် လွှဲပြောင်းခြင်း/ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုတာကတော့ တရားဝင်သော နည်းလမ်းနဲ့ဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြင့်ဖြစ်စေ ရရှိသောငွေကြေးပစ္စည်းများကို နိုင်ငံတကာနှင့် နိုင်ငံတော်မှသတ်မှတ်ထုတ်ပြန်ကြေငြာခံထားတဲ့ အကြမ်း ဖက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း ဘဲဖြစ်ကြောင်း၊ အဲဒီလုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ရွှေလုပ်ငန်းရှင်များကို ကြားခံ အသုံးပြုခြင်းမှ ကင်းဝေးစေဖို့အတွက် အခုလို အသိပညာမြှင့်တင်ရေးသင်တန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့မြန်မာနိုင်ငံကို FATFအဖွဲ့အစည်းမှ Blacklist အဆင့် သတ်မှတ်ထားခြင်းမှ အဆင့်တိုးမြှင့်ပေးစေရေးအတွက် AML/CFT ဆိုင်ရာလုပ်ငန်းများကို မှန်ကန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သင်တန်းမှာပို့ချတဲ့ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သေချာစွာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ဒုတိယအထွေအထွေမန်နေဂျာဦးစိုးထွန်းတို့က ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာများနှင့် စပ်လျဥ်း၍လည်းကောင်း၊ မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများလိုက်နာရမည့် စည်းကမ်းစည်းမျဥ်း အမိန့်၊ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပို့ချဆွေးနွေးခဲ့ပြီး သင်တန်းသို့တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများနှင့် အထွေထွေဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)