လမ်းမတော်မြို့နယ်၌ နွေရာသီအခြေခံ အင်္ဂလိပ်စာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

လမ်းမတော် မတ်၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းများဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းမှ ပို့ချသည့်ပညာရပ်များကို လက်တွေ့တွင် ဆက်လက်အသုံးချတတ်စေလိုကြောင်း၊ နောင်တစ်ချိန် အနာဂတ်တွင် တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်မည့် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အားလပ်သောအချိန်များတွင် စာကြည့်တိုက်သို့လာပြီး သုတ/ရသစာအုပ်၊ စာစောင်များကို ငှားရမ်းဖတ်ရှုကြရန်တို့ကို ပြောကြားပြီး၊ သင်တန်းနည်းပြ ဆရာမ ဒေါ်ရူပါသိမ်းက ဆုများ ရွေးချယ်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် အချိုရည်၊ မုန့်များဖြင့်ကျွေးမွေးခဲ့ပြီး၊ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းတွင် နည်းပြဆရာမအဖြစ်ဆောင်ရွက်ခဲ့သည့် ဒေါ်ရူပါသိမ်းအား ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဂါရဝလက်ဆောင်ပေးအပ်ချီးမြင့်ခဲ့သည်။ အဆိုပါသင်တန်းကို လူထုအခြေခံပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ (၄) ရက်နေ့မှ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်