မင်းလှမြို့နယ်၌ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးထားရှိ

မင်းလှ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရည်အသွေးမြင့် ပေါ်ဆန်းမွှေးမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများစိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင်၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာ၌ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်း (၁) ၁၅ ဧကနှင့် ရေဆင်းပေါ်ဆန်း (၂) ၂၅ ဧကအား မျိုးစေ့ထုတ်လုပ်ရန်စိုက်ပျိုးထားရှိပြီး အရည်အသွေးပြည့်မှီကျော်လွန်ထွက်ရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများမှရရှိသော ရေဆင်းပေါ်ဆန်းစပါးမျိုးများအား လာမည့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးရာသီတွင် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးဟောပြောခြင်းနှင့် စိုက်ပျိုးရေးနည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)