တွံတေး မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့သာသနာ့သမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး(၂၅၉၅)အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉ နာရီက ရွှေဆံတော်စေတီ ခြေတော်ရင်းရှိ မြောက်ဘက်စောင်းတန်ရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စီမခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌဦးအေးကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အလှူရှင်များက ရွှေမိုး၊ ငွေမိုးများရွာသွန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ခူးလပြည့်နေ့ နံနက်၆နာရီတွင် သံဃာတော် (၂၇)ပါးတို့က စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်လှူပူဇော်မည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့်အလှူရှင်အပေါင်းတို့က သံဃာတော်များအား အရုဏ်ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ပဋ္ဌာန်း၊ အာရုံဆွမ်း၊ စတုဒိသာများကို တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက်နေ အလှူရှင် ဦးအုန်းသိန်း+ဒေါ်ခင်လှမိသားစုတို့မှ ဘုရားဖူးလာပြည်သူအပေါင်းအား အာဟာရဒါန ဒံပေါက်များဖြင့်စတုဒိသာဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်းသိရသည်။ ရွှေဆံတော်စေတီတော် မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၅ ရက်အထိ (၉)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)