စစ်ကိုင်း မတ် ၂၉
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမှာစကားပြောကြားခဲ့ပြီး ရုန်းကန်နိုးထလာသည့် ငလျင်ကြားမှမြို့ရွှေစစ်ကိုင်း ဗီဒီယိုကလစ် ပြသသည်။
ထို့နောက် တက်ရောက်လာကြသူများက ၁၂နာရီ ၅၂ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၂မိနစ်ခန့် ငြိမ်သက်ကြပြီး ငလျင်ဘေးဒဏ်မှအသက်ရှင်လျက်လွတ်မြောက်လာသည့် ပြည်သူနှစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်မှ မြန်မာနိုင်ငံနှင့် ငလျင်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(စစ်ကိုင်း)မှဥက္ကဋ္ဌ ပါမောက္ခဒေါက်တာလှမျိုးအောင်က ငလျင်ဒဏ်ခံအဆောက်အဦများ တည်ဆောက်ရန်အတွက် လိုက်နာရမည့်အချက်များကို ဟောပြောဆွေးနွေးသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ပြသထားသည့် နံရံကပ်ပြဘုတ်များနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့ ရတနာစေတီဆင်များရှင်ဘုရား သာသနာ့ ဗိမာန်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် သံဃာတော်များ ဆွမ်းဆက်ကပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် အလှူရှင်များက စစ်ကိုင်းမြို့ရှိ ဘုရား စေတီများပြုပြင်ရန်အတွက် အလှူငွေကျပ် သိန်း ၂၅၄၀ ကို လှူဒါန်းခဲ့ပြီး ဆရာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)