ရွှေစက်တော်ဘုရားပွဲရာသီ၌ ဒေသထွက်ပစ္စည်းများရောင်းချသည့်ဈေးသည်များ ရောင်းအားကောင်းလာ

မင်းဘူး မတ် ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲရာသီတွင် ရွှေစက်တော်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်မှ ဒေသထွက်ပစ္စည်းများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများရောင်းချသည့် မင်းဘူးမြို့ဒေသခံဈေးသည်များထံမှ သိရသည်။

မင်းဘူး (စကု) မြို့နယ်တွင် တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများ၊ လေ့လာလည်ပတ်စရာ နေရာအများအပြားရှိသည့်အပြင် ဒေသထွက်ပစ္စည်းများပါပေါများလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် လာရောက်အပန်းဖြေလေ့လာသူများဟာ ရွှေစက်တော်ဘုရားပွဲတော်ရာသီဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ဘုရားပွဲတော်ရာသီတွင် အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူသွားနိုင်ရန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ဘုရားပွဲတော်ရာသီဖြစ်၍ ဘုရားဖူးများလည်း စည်ကားလှသည့်အတွက် ဈေးသည်များရောင်းအားကောင်းကာ မင်းဘူး (စကု) မြို့နယ်၏ ဒေသထွက်ကုန်ပစ္စည်းများဖြစ်သော ပဲပွကြော်၊ ပဲရွကြော်၊ ပါပလာ၊ လယ်ကိုင်းမရွေး၊ သစ်ဥ၊ သစ်ဖု၊ ဆေးမြစ်များ၊ ဝက်မြေဥနှင့် သနပ်ခါးတုံးများ၊ ချင်းရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ရွှေစက်တော်အမှတ်တရ ချည်ထည်အင်္ကျီများနှင့် ရွာသာယာကျေးရွာထွက် အတာကြိုအိုးအမျိုးမျိုးလည်းရောင်းချပေးလျက်ရှိပြီး၊ ရောင်းအားအလွန်ကောင်းလျက်ရှိကြောင်း မင်းဘူးမြို့ နဂါးပွက်တောင်ဈေးဆိုင်တန်းမှ ဒေသခံဈေးသည်မလှလှအေးထံမှ သိရသည်။

ဇေယျာနိုင် (ရွှေကန်မြေ)