ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင်၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲဆက်လက်ဖြေဆို

ဒဂုံမြောက် မတ် ၂၉

သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါအစိုးရဓမ္မာစရိယစာမေးပွဲ၌ မတ် ၂၈ ရက်‌နေ့က ကျမ်းရင်းဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ဒုတိယနေ့) ကို ဖြေဆိုခဲ့ကြပြီး ၂၉ ရက်‌နေ့တွင် မြန်မာဂုဏ်ထူးတန်း၊ ၃၀ ရက်‌နေ့တွင် ပါဠိဂုဏ်ထူးတန်း (ပထမနေ့)၊ ၃၁ ရက်‌နေ့တွင် ပါဠိဂုဏ်ထူးတန်း (ဒုတိယ) နေ့တို့ကို ဆက်လက်ဖြေဆိုကြမည်ဖြစ်သည်။ စာဖြေသံဃာနှင့်သီလရှင်ဆရာလေးများအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ‌သူရိယနှင့်အဖွဲ့ဝင်ဆရာတော်များ၊ အစိုးရဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ‌နေမိန္ဒနှင့် အဖွဲ့ဝင်ဆရာတော်များမှ လိုအပ်သည်များကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစာမေးပွဲသို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော် (၁၈၅) ပါး၊ သီလရှင် (၁၈) ပါး၊ စုစုပေါင်း (၂၀၃) ပါးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)