ပွင့်ဖြူမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဖြေဆို

ပွင့်ဖြူ မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ပထမနေ့) ကို ယနေ့မွန်းတည့် ၁၂ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အောင်သိဒ္ဓိကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်း စာသင်တိုက်ကျောင်းများမှ ဖြေဆိုရန် လျှောက်ထားသည့် စာဖြေသံဃာဦးရေမှာ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၃ ပါး ရှိပြီး ယနေ့ ပထမနေ့ဖြေဆိုရာတွင် ပထမကြီးတန်းတွင် ရဟန်း (၆) ပါး နှင့် သီလရှင် (၁) ပါး၊ ပထမလတ်တန်းတွင် ရဟန်း ၃ ပါးနှင့် သီလရှင် (၁) ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၁ ပါးနှင့် သီလရှင် (၄) ပါး၊  အခြေပြုမူလတန်းတွင် သာမဏေ ၄ ပါးနှင့် သီလရှင် ၁ ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက်စာရင်းအနေဖြင့်  ပထမလတ်တန်းတွင် ရဟန်း ၁ ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၁ ပါးတို့ ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ (၇) ရက်ကြာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စာဖြေသံဃာများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသုစိတ္တသာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) နှင့် ဆရာတော်ကြီးများက ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ယာယီဆေးခန်းဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များကို ဌာနဆိုင်ရာများနှင့် စေတနာအလှူရှင်များက နေ့ဆွမ်း၊ အာရုဏ်ဆွမ်းနှင့် သစ်သီး၊ မုန့်၊ အချိုပွဲများကို နေ့အလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)