လှိုင်မြို့နယ်တွင် (၄၅) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးဖြေဆို

လှိုင် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် (၄၅) ကြိမ်မြောက် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က လှိုင်မြို့နယ် ဇေယျာဝတီကျောင်းတိုက် ဝိဇ္ဇာဓရဓမ္မဗိမ္မာန်တော်ကြီးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လှိုင်မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ကြီးဦးဆောင်၍ ပထမရက်အနေဖြင့် ကျင်းပပြုလုပ်ရာ စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၅၇) ပါးနှင့် လူပုဂ္ဂိုလ် (၄) ဦးရှိကြောင်း၊ အဆိုပါစာမေးပွဲပထမရက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၃၁) ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦးအပါအဝင် စုစုပေါင်း (၂၃၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရဟန်း ၂၆ ပါး၊ သီလရှင် ၂ ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။ စာမေးပွဲပထမရက်တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒနှင့် ဒွေမာတိကာဘာသာရပ်များကို ဖြေဆိုခဲ့ကြသည်။

ထို့နောက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့်စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ဆွမ်း၊ အချိုရည်နှင့်မုန့်များကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက စာမေးပွဲကာလနေ့ရက်အလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲကို မတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ (၇) ရက်ကြာ နေ့စဉ် နေ့လယ် ၁၂ နာရီမှ ၃ နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)