သင်္ဃန်းကျွန်းမြို့နယ်၌  အစိုးရဓမ္မာစရိယနှင့်ပါဠိပထမ​ပြန် စာမေးပွဲများဖြေဆိုလျက်ရှိ

သင်္ဃန်းကျွန်း  မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်နိုင်ငံတော်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဆုတောင်းပြည့်ကျိုက္ကစံစေတီဓမ္မဗိမာန်တော်ကြီး၊ မင်္ဂလာဗဟိုမဏ္ဍပ်၊ ပြားတစ်ရာဓမ္မာရုံနှင့် လယ်တီဝိပဿနာကျောင်းတိုက်တို့၌  ယနေ့မွန်းတည့် ၁၂ နာရီက ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် သံဃာတော်၊ သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနှင့်အဖွဲ့ဝင်များက အစိုးရဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆောင်ရွက်တော်မူကြသည့်  ထေကြီးဝါကြီးဆရာတော် အရှင်သူမြတ်များအား ဖူး ‌‌‌‌‌‌‌‌မြော်ကြည်ညိုကာ ဩဝါဒခံယူပြီး  အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေရာတွင် အဆင်ပြေနိုင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည်။ စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့်သီလရှင်တို့အား အလှူရှင်ဦးအောင်အောင်နှင့်အဖွဲ့က သောက်ရေသန့်နှင့် အချိုရည်များလှူဒါန်းခဲ့ကြသည်။

ထိုသို့ အစိုးရဓမ္မာစရိယစာမေးပွဲ (ပထမပြန်စာမေးပွဲ)ဖြေဆိုရာတွင် ဖြေဆိုသည့် သံဃာ၊ သီလရှင်များမှာ (ပထမကြီးတန်း) ၇၂ ပါး၊ (ပထမလတ်တန်း) အပါး ၉၀ ၊ (ပထမငယ်တန်း) ၁၂၆ ပါး၊ (အခြေပြုမူလတန်း) ၃၀၅ ပါး၊ ဖြေဆိုသည့် သံဃာတော်၊ သီလရှင်စုစုပေါင်း (၅၉၃) ပါးနှင့် ဖြေဆိုရန် ပျက်ကွက်တော်မူကြသည့် သံဃာ၊ သီလရှင် စုစုပေါင်း (၁၆၂)ပါးနှင့် ဖြေဆိုမှု၇၈ ဒဿမ ၃၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 ဇော်မိုး (သင်္ဃန်းကျွန်း)