မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း (Book Club)မှ စာ‌ပေစကားဝိုင်းပြုလုပ်

မင်္ဂလာဒုံ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမြင်ချင်းဖလှယ်ခွင့် ရရှိစေရန် ရည်ရွယ်၍  မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club)တို့မှ “တစ်နှင့်တ ကိုလေ့လာခြင်း (စာတမ်းငယ်)” ခေါင်းစဥ်ဖြင့် စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ စာပေစကားဝိုင်းတွင် အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက မုဒိတာအမှာစကားပြောကြားပြီး မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းလာ‌စေရန်အတွက် စာဖတ်ဝိုင်း၊ စာပေစကားဝိုင်း စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ဥက္ကဋ္ဌ ဦးငွေစိုး(ငွေစိုး-ရွှေကြန့်မြေ)က “တစ်နှင့်တ ကိုလေ့လာခြင်း (စာတမ်းငယ်)” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးတင်ပြခဲ့ပြီး အဆိုပါ စာပေစကားဝိုင်းသို့ တက်ရောက်လာကြသော ဆရာ/ဆရာမတို့က အသီးသီးဆွေးနွေးခဲ့ရာ မိမိတို့သိရှိလိုသည်များကို မေးမြန်းပြီး အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

မင်းသိန်းထွန်း