အောင်လံ မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စတင်၍ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် အောင်လံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း အသီးသီးမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် (၉) ပါး၊ ပထမလတ်တန်းတွင် (၁၃) ပါး၊ ပထမငယ်တန်းတွင် (၂၇) ပါးနှင့် အခြေပြုမူလတန်းတွင် (၄၄) ပါး၊ စုစုပေါင်း (၉၃) ပါးတို့က သတ်မှတ်ထားသည့် စာဖြေဌာနတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုတော်မူကြသည်။
ထို့နောက် စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပြီး၊ အလှူရှင်များကလည်း စာဖြေသံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်း၊ အချိုရည်နှင့် အအေးများကို နေ့ရက်အလိုက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ယခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)