မြို့သစ် မတ် ၃ဝ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်း ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို အပတ်စဥ် “တနင်္လာ” နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)