မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်းအုတ်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါအားကစားကွင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မင်းဘူးခရိုင် အားကစားကွင်းအတွင်း၌ အုတ်စီရေမြောင်းဆောင်ရွက်ရန် မြေတူခြင်း၊ သဲဖြည့်ခြင်း၊ ကွန်ကရစ်လောင်းခြင်းနှင့် အုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး အုတ်စီရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့သည်။

မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အားကစားကွင်း အတွင်းပတ်လမ်း (အရှည် ၁၃၀၂ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၀၅ ဒသမ ၀၁ ကျပ်သန်းဖြင့်လည်းကောင်း၊ အားကစားကွင်း အပြင်ပတ်လမ်း (အရှည် ၁၈၀၀ ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အမြင့် ၂ ပေ ၆ လက်မ) အုတ်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ၁၀၁ ဒသမ ၆၂ ကျပ်သန်းဖြင့်လည်းကောင်း စုစုပေါင်းလုပ်ငန်းနှစ်ရပ်ကို ၂၀၆ ဒသမ ၆၃ ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ U-18 အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မင်းဘူးခရိုင် ကိုယ်စားပြုအသင်းအနေဖြင့် အဆိုပါအားကစားကွင်းအတွင်း၌ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားစုစုပေါင်း(၂၁)ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲအောင်နိုင်ရေး အားပေးစကားများ ပြောကြားကာ အားကစားသများအတွက် အားဖြည့်အစားအစာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)