ကန့်ဘလူ မတ် ၃၀
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာဘာသာကို ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ၆ ပါး၊ ပထမလတ်တန်း ၆ ပါး၊ ပထမငယ်တန်း ၂၄ ပါးနှင့် အခြေပြုမူလတန်း ၄၀ ပါး သံဃာ သီလရှင်စုစုပေါင်း ၇၆ ပါး ဝင်ရောက်ဖြေ ဆိုခဲ့ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့်ဝန် ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)