သရက် မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှု၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ပံ့ပိုးကူညီလမ်းညွှန်မှုတို့ဖြင့် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် ဘောလုံးနှင့် ဖူဆယ်အားကစားသင်တန်းများကို ခရိုင်အားကစားကွင်း၌လည်းကောင်း၊ မြန်မာ့သိုင်းအားကစားနည်းသင်တန်းကို တေဇခန်းမ(မိုးလုံလေလုံအားကစားခန်းမ)၌လည်းကောင်း မတ်လ ၂၁ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၇ နာရီမှ ၉ နာရီထိ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
နွေရာသီကျောင်းပိတ်ရက်၌ လူငယ်များအချိန်ကိုတန်ဖိုးရှိစွာ အသုံးချပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွက်စေရန် ရည်ရွယ်ကာ နွေရာသီကျောင်းပိတ်ရက်များ၌ နေ့စဉ် ကျောင်းသား၊ ကျောင်းသူများအား အားကစားနည်း (၃)မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းများတွင် ဘောလုံးသင်တန်း၌(၇၀)ဦး၊ ဖူဆယ်သင်တန်း၌(၂၇)ဦး၊ မြန်မာ့သိုင်းသင်တန်း၌ (၃၀)ဦး စုစုပေါင်း(၁၂၇)ဦး တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း သင်တန်းများကို မတ်လ (၂၁)ရက်နေ့မှစတင်ပြီး ဧပြီလ (၄)ရက်နေ့ထိ နေ့စဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မောင်လုလင်(သရက်)