ဆိပ်ကြီးခနောင်တို မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်း၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်းမီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအားစနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန်ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျသေချာစွာဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များစနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ် တက်ဆင်း လိုက်လံအသိပေးပြောကြားခြင်းအပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များအတွင်းသို့လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝေယံ (ပြန်/ဆက်)