သာယာဝတီ မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီသာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
ထိုသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သာယာဝတီမြို့ ဘူတာလမ်းရှိ ဆရာစံခန်းမရှေ့လမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့် ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် ကွက်သစ်ရပ်ကွက်၊ ရွာကြီးကုန်းရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ စံရွေးတန်းရပ်ကွက်နှင့် ဗေဒင်ကုန်းရပ်ကွက်၊ အရှေ့ရိုးကြီးရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်ကြီးများ ယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်များ၌ အဖွဲ့အလိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကာ လမ်းလျှောက်သင်္ကြန်ကို ဗဟိုမဏ္ဍပ်လမ်းဆုံမှစတင်ကာ ဘူတာလမ်းလမ်းအတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၏ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်း၌ ယိမ်းအကပြိုင်ပွဲများနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒီသာဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကာ ရေကစားသူပြည်သူများအနေဖြင့် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)