ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန် မတ် ၃

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မတ် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးကျော်ဦးက သင်တန်းသား/သင်တန်းသူများ၏ တစ်ဦးချင်းပြိုင်ပွဲပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စံမင်းမြတ်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်အောင်မာဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသော သူရိန်ဝင်းနှင့် တတိယဆုရရှိသော ပိုင်ဘုန်းပြည့်တို့အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နည်းပြ ဒေါ်သူဇာကလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော သိမ့်သီရိထက်အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီကလည်းကောင်း၊ ဒုတိယဆုရရှိသော ဇာခြည်အောင်နှင့် တတိယဆုရရှိသော အေးချမ်းမြင့်မြတ်တို့အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နည်းပြ ဒေါ်သီသီဝင်းကလည်းကောင်း ပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အမှုဆောင် ဒေါ်ထွေးထွေးဝင်းက ပေးအပ်ရာ သင်တန်းသား/သင်တန်းသူများက လက်ခံရယူခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးကျော်ဦးက အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသော စံမင်းမြတ်နှင့် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု ရရှိသော ခင်ပြည့်လင်းလက်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါနွေရာသီအခြေခံမြားပစ်သင်တန်းကို ၁.၃.၂၀၂၆ ရက်နေ့မှ ၃၁.၃.၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)