သူနာပြုတက္ကသိုလ် ရန်ကုန်၏ အကြိမ် (၃၀) ကြိမ်မြောက်နှင့် (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားများကျင်းပ

ရန်ကုန် မတ် ၂၉

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်ရန်ကုန်၏ အကြိမ် (၃၀) မြောက် နှင့် (၃၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားများကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သူနာပြုတက္ကသိုလ်ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဝတ်ရုံများ ဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် နေရာယူကြသည်။

ထို့နောက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ကိုရွတ်ဆိုကြပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးသူနာပြုဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီးဟု ပညာရေးအဖွဲ့က ကြေငြာခြင်းခံကြရသူများအား သူနာပြုတက္ကသိုလ်ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေက ဘွဲ့များအသီးသီးအပ်နှင်းပြီး အမှာစကားပြောကြားသည်။

ယနေ့ ကျင်းပသည့် သူနာပြုတက္ကသိုလ် ရန်ကုန်၏ အကြိမ် (၃၀) မြောက်ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူသင်တန်းအောင်မြင်သူ (၁) ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ (၂၀) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (အဝေးသင်) သင်တန်း အောင်မြင်သူ (၇၆) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On -Campus) သင်တန်းအောင်မြင်သူ (၁၅၂) ပြီး၊ သူနာပြုသိပ္ပံပုံမှန် (၁/၂၀၂၅) သင်တန်းအောင်မြင်သူ (၈၄) ဦး၊ အထူးပြုသူနာပြု ဒီပလိုမာသင်တန်းအောင်မြင်သူ (၂၃) ဦးရှိပြီး (၃၁) မြောက်ဘွဲ့နှင်းသဘင်၌ အရေးပေါ်သူနာပြုစုပညာ ဒီပလိုမာသင်တန်းအောင်မြင်သူ (၁) ဦး၊ သူနာပြုသိပ္ပံ (ပုံမှန်) (၅/၂၀၂၅) သင်တန်းအောင်မြင်သူ (၂၅၃) ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့ပါသည်။

ယခုနှစ် ဘွဲ့နှင်းသဘင်အပါအဝင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်မှာ မွေးထုတ်ပေးခဲ့သည့် သူနာပြုဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့ (၄) ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၂၇၉ ဦး၊ အထူးသူနာပြုဒီပလိုမာဘွဲ့ရရှိသူ (၉၅၆) ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၆၁၁၃) ဦးတို့ကို အောင်မြင်စွာလေ့ကျင့်ပျိုးထောင်ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)