အုတ်ဖို ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ အေးမြသာယာအုပ်စု၌ ယနေ့ နံနက်ပိုင်းက သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။
ရှေ့ဦးစွာ အုတ်ဖိုမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေစိုးက သစ်တောထွက်သယံဇာတပစ္စည်းများအားထိန်းသိမ်းရန်၊ သစ်တော၊ သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ တောင်ယာခုတ်ထွင်မီးရှို့မှုများမပြုလုပ်ရေးအကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေးအကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေးအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး တောအုပ်ကြီး ဦးစောမောင်ထွန်းက မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအကြောင်းအရာများ ပျက်စီးဆုံးရှုံးမှုကိုကာကွယ်ရန်နည်းလမ်းများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)