မုံရွာ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုတို့က ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)