ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ကော့မှူး ဧပြီ ၇

ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးစိုးဝင်းထွန်းတို့က ပြောကြားရာတွင် အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တတ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke)၊ ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်လာခြင်း၊ အရေးပြားပူ၍ခြောက်သွေ့ခြင်း (သို့မဟုတ်) ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ အပူဒဏ်အန္တရာယ်ကြီးမားပုံ၊ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အရေးပေါ်ရှေးဦးပြုစုခြင်းစသည့် အပူဒဏ်နှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)