နတ်မောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူလူငယ်များ ပူးပေါင်း၍ ယမန်နေ့နံနက် ( ၁၀) နာရီအချိန်က စာရေးဆရာ မောင်မင်းစိုး ရေးသားသော “လူငယ်နဲ့ခေါင်းဆောင်မှု”စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာဖတ်သည့် အလေ့အကျင့်နှင့် စာပေချစ်မြတ်နိုးစိတ်များ ပျောက်ကွယ်မသွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်များသည် နောင်အနာဂတ်၏ခေါင်းဆောင်များဟု ဆိုလျှင် မှန်ကန်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင် ကျောင်းသားလေးမောင်ခိုင်စိုးက “လူငယ်နဲ့ခေါင်းဆောင်မှု” စာအုပ်ထဲမှ ခေါင်းဆောင်သူရဲ့ အရည်အချင်းခေါင်းစဉ်ထဲမှ ခေါင်းဆောင်တဲ့သူ လှုံ့ဆော်တဲ့သူဆိုတာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်းဖြစ်နိုင်ရမယ်။ လူတိုင်းဖြစ်ပေါ်လာအောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။အဆိုပါစာဖတ်ဝိုင်းသို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ၊ စာပေချစ်မြတ်နိုးသူလူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမေထွန်း