မင်းဘူးမြို့၌ ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ

မင်းဘူး ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူးသင်တန်းကို ဧပြီ ၂၄ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်အိအိထွန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာဒေါ်သီသီထွန်းမှ ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်မှ သင်တန်းသူများအား သင်တန်းလက်စွဲစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

မင်းဘူးခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူးသင်တန်းကို ဧပြီ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ သင်တန်းသူ ၅၀ ဦးဖြင့် နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်နည်းပြများက မျိုးဆက်ပွားကျန်းမာရေးနှင့် အာဟာရအကြောင်း၊ ကူးစက်ရောဂါ၊ မကူးစက် တတ်သောရောဂါ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိတ်ကျန်းမာရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်အကြောင်း၊ မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း၊ ကျောင်းပြင်ပပညာရေးနှင့် ရပ်ရွာပညာပဒေသာအကြောင်း၊ ကိုယ့်အားကိုယ်ကိုး၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းများအကြောင်းစသည့် သိကောင်စရာများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)