ငဖဲ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ အရှေ့ဘက်လယ်မြေတွင် မြေအောက်ရေကိုအသုံးပြု၍ ဂန္ဓမာပန်းများစိုက်ပျိုးထားရာ ပန်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချနေရကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
စိုက်ပျိုးထားသည့်ပန်းမျိုးမှာ ကိုရီးယားဂျူး၊ အိုဆာမရမ်းနှင့် ကြယ်တာယာ ဂန္ဓမာပန်းမျိုးဖြစ်ပြီး ပျိုးပင်ပေါက်များကို ပြင်ဦးလွင်မြို့မှမှာယူ၍ ပျိုးပင်တစ်ပင်လျင် ငွေကျပ် ၁၀ မှ ၄၀ ထိ ပေးဝယ်ရကြောင်း၊ ပန်းစိုက်ပျိုးမည့်မြေနေရာအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်များပြုလုပ်ကာ သဘာဝနွားချေးဆွေးများကို ထည့်သွင်းပြီးပျိုးပင်များကို တန်းကြား ၂၄ လက်မ၊ ပင်ကြား ၁၂ လက်မထား၍ နေ့စဉ်ရေသွင်းပေးရသည်။
စိုက်ပျိုးပြီး ပထမတစ်လအတွင်း တစ်ပတ်နှစ်ကြိမ်ရေဝအောင် သွင်းပေးရမည်ဖြစ်သော်လည်း တစ်လကျော်ပါက တစ်ပတ်တစ်ကြိမ် နွေရာသီတွင်စိုက်ပျိုးရောင်းချသည့်ပန်းဖြစ်၍ တစ်ပတ်လျင် သုံးကြိမ်ခန့်ရေသွင်းပေးရကြောင်း၊ ဖေဖော်ဝါရီလတွင်စတင်စိုက်ပျိုးပြီး ဧပြီလ သင်္ကြန်အကျော် ၂လခွဲခန့်ဆိုရင် ပန်းများခူးချိုးလို့ရကြောင်း၊ လယ်မြေတွင် ပန်းပင်ပေါင်း ၂၀၀၀၀ ခန့်စိုက်ပျိုးထားပြီး ပန်းပင်အရွယ်အစားပေါ်မူတည်၍ တစ်ပင်လျင် ငွေကျပ် ၂၀၀ မှ ၃၅၀ ထိ ခူးချိုးရောင်းချရကြောင်းနှင့် ပန်းခင်းများအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိကြောင်း ပန်းစိုက်တောင်သူ ဦးဝင်းမင်းထွန်းက ပြောကြားသည်။
ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ မြေအောက်ရေတို့ဖြင့် စပါး၊ နှမ်း၊ ပန်ဖူးစားပြောင်းများနှင့် ဂန္ဓမာပန်းများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)