ချောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ချောက်ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံ နက်၉နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစာရင်းစစ် ဒေါ်ဝိုင်းရီက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင်တက်ရောက်သင်ကြားသည် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
ထိုနောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဗဟိုမှပေးအပ်သည့် ဆယ်အိမ်စုမှူးသင်တန်းလက်စွဲစာအုပ်များပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ချောက်မြို့နယ်မှ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတို့က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း၊ ပညာရေးစောင့်ရှောက်မှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့်မျိုးဆက်ပွားကျန်းမာရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေ၊ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာနှင့် တိုင်းရင်းဆေးပညာအကြောင်းတို့ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး ယနေ့နံနက်၁၀နာရီမှ ညနေ ၄နာရီထိ သင်တန်းကာလတစ်ရက်သင်ကြားပို့ချကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)