စလင်းမြို့နယ်၌ နွေနှမ်း ၃၅၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

စလင်း ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မဲဇလီဆည်၊ စလင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၃၅၈၁၆ ဧက  စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၃၅၄၈၈ ဧကစိုက်ပျိုးပြီးစီးပြီးစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြေစာရင်းအင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ စိုက်ပျိုးရာသီအတွင်း အချိန်မှီအဆင်ပြေစွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အစိုးရဆည်ရေများနှင့် ဆည်ငယ်ကန် မြေအောက်ရေ ရေစုပ်စက်တို့ဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပြီး နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေများသို့ စိုက်ပျိုးရေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ဆင်းရတနာ၊ ဆင်းရတနာနှင့် သိပ္ပံနှမ်းနက်  ဧက စုစုပေါင်း ၃၅၄၈၈ ဧက စိုက်ပျိုးပြီးစီးပြီးနိုင်ခဲ့ကာနွေနှမ်းအထွက်နှုန်းကောင်းမွန်ရန် စနစ်တကျရေသွင်းပေးရန်လိုအပ်ပြီး နှမ်းပင်အခြေရေမဝပ်ရန် စိမ့်ရေဖြင့်ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းပေးရကြောင်း သိရသည်။

စလင်းမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီ၌ စပါးနှင့်နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး  လယ်မြေ၊ ယာမြေအသီးသီးတို့တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး နွေနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို  ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ အလေးထား ဦးတည်ဆောင်ရွက်လျက်ရှိရာ သီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)