မုဒုံ ဩဂုတ် ၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ကိုင်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ဖွင့်လှစ်သော ဝက် မွေးမြူရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက တော်ကူးကျေးရွာရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ် သည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာနန်းကြူကြူအောင် က မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူများ စနစ်တကျ မွေးမြူတတ်စေရန်၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ကာ လူနေမှုဘဝမြင့်မားစေရန်နှင့် တိရိစ္ဆာန်များတွင် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ် စေရန် နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်၍ နွားမွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ ကြက်မွေးမြူရေး သင်တန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပညာပေးသင်တန်းများကို သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ၌ ကျေးရွာတစ်ရွာလျှင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ(၃၀)ဦး စုစုပေါင်း(၁၈၀)ဦးတက်ရောက်ကြပြီး သင်တန်းကို(၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)